Monday, May 26, 2008

ကူးယူဖော်ပြမိတဲ့ ဟာလေးတွေ

ရေမြင်းရှင် (ဟုတ်ဖူး..မှားလို့) ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကား မရောက်တာကြာပြီဖြစ်သော မုန်တိုင်း ဒဏ်ခံ ရန်ကုန်မြို့သို့ ရောက်လာခဲ့၏။ သူမသွား၍မဖြစ်တော့။ မနေ့တစ်နေ့ကပင် နောင်တော် ဟူဂျင်တောင် Hu Jintao က သူ့အား ဖုန်း အပူလိုင်းမှ ကမန်းကတန်း မှာသည်။

“ ညီလေးတန်းချွေ .. ၊ လုနီနိုင်လှရှေလားကွယ်။ အပါးကတီမီနပ်ဘူးဘဲ..၊ ၀ကို လူတွေကပြောကုန်ကြဘီ။ တီကမ္ဘာလုံး ၀ကိုပဲ ပြောကုန်ပြီ။ လုလို့ တိုင်းပြည်မှာ နာဂစ်ဝင်လို့ မီကြာသေး၊ ၀လို့လဲ မြေမျိုဘီ။ လုလို့ဂျောင့် ၀တို့လဲ ပြာကုန်ကြဘီ။ ၀.. ကတော့ ကိုယ့်လူမျိုးကိုယ် အားပေးစေချင်လယ်။ ၀ .. လုကိုအီကြံပေးမယ် တန်းချွေ။ လု .. ရန်ကုန်ဖြစ်ဖြစ် အီမြန်ဆုံးတွားဘာ။ ဒီတစ်ခါ ၀ .. အီကြံပေးသလို လုမီ လုပ်ရင် အီခြေအီနေ တယ်မီကောင်းဝူး ဖြစ်မှာဘဲ … ”

သူလားလားမှ မသွားချင်။ သို့သော် မနေသာတော့။ အမှန်က ကမ္ဘာမကလို့ စင်္ကြာဝဠာတိုက်တစ်သောင်းမှ ၀ိုင်းပြောစေဦး။ ရွှေစိတ်တော်ထဲ နဲနဲမျှမထား။ ယခုကားနောင်တော် Hu Jintao ထံမှအမှာစကား။ သူတလျှောက်လုံး အားကိုးတကြီးမှီခိုပေါင်းသင်းခဲ့ရသည့် မိတ်ဆွေကြီး၏ သတိပေးချက်။ သူချီတုံချတုံနှင့် ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်ကပင် ရက်သတ္တပတ်တစ်ပတ်ရှိပြီ။ သူ့စိတ်ကား ခိုးလိုးခုလု ရှိနေတော့၏။ သွားရမည်လား၊ မသွားရမည်လား။ အကြောင်းကား တလောတုန်းက နာဂစ်မုန်တိုင်း မလာခင်လေးမှာ သူအင်မတန်မှ အား ထားယုံကြည်ရသည့် ဘိုးတော် ကြပ်ထိပ်ပြောင်ကလည်း သတိပေးထားခဲ့သည်ကို မှတ်မှတ်ရရရှိနေခြင်းပင်။

“ ဒီမှာ ဗိုလ်ချုပ်မှူးကြီး .. ဒီတစ်နှစ်လုံးဟာ ဗိုလ်ချုပ်မှူးကြီးအတွက် အင်မတန်မှ အရေးကြီးတယ်နော်၊ အမြဲစားသတိ၊ သွားသတိ၊ ပြော သတိ၊ အီးပါတောင် သတိကောင်းကောင်း ထားရလိမ့်မယ်။ မြင်ထားတာတွေရှိတယ်။ ဗိုလ်ချုပ်မှူးကြီးတို့ အရင်ကိုးကွယ်တဲ့ အောင်ထွဋ် ခေါင်တို့လို ကျုပ်ကပေါက် ပန်းလေးဆယ် ဆိုတာ၊ ပြောတာမဟုတ်ဘူး။ သာမ၊ ယဇု၊ ဣရု ဆိုတဲ့ သုံးပုံကျမ်းအပြင်မှာ အာတပ္ပနဗေဒင် ကျမ်းကြီးနဲ့ သေချာညှိပြီး တွက်ပြီးမှ ပြောတာ။ အထက်၊ အလယ်၊ အောက်ဆရာတွေဆီက ပေးတာတွေရော ကျုပ်အာရုံရတာတွေရောပဲ။ ကျုပ်သတိပေးခဲ့တာတွေဟာ ဘယ်တော့မှ မမှားဘူးနော် .. ”

သူသေသေချာချာကို အမှတ်ရနေသေးသည်။ နိုင်ငံအုပ်ချုပ်ရာမှာ ပုရောဟိတ်အခါပေးများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးသည်မ ဟုတ်လား..။ သူမပြောနဲ့၊ သူ့အဖေကြီး ဗိုလ်ချုပ်နေ၀င်းလဲ သေခါမှရေမြော၊ မသေခင်တော့ ဤလိုပင် အနှစ်သုံးဆယ်ခန့် နေနိုင်ခဲ့ပါ၏။ ဘိုးတော်က ဤနေ့ဤအချိန် နန်းတော်ပြောင်းစေ၊ မပြောင်းလျှင်ဘေးတွေ့အံ့၊ ပြောင်းသော် နန်းသက်ရှည်လတ္တံ့မိန့်သဖြင့် ကမန်းကတန်း ဖုတ်ဖက်ခါထ၍ ပြောင်းခဲ့ရ၏။ ထိုတုန်းကလည်း ၀ိုင်းပြောတာခံခဲ့ရသေးသည်။ သို့သော် ဘိုးတော်က စိုးရိမ်စရာမလို၊ သူ့ဘာသာသူ ပြီးဆုံးသွားပါလိမ့်မည်ဟု အာမဘန္တေခံခဲ့သည်။ ပြီးဆုံးသည်ဆိုသည့်စကားကတော့ ဘာမှန်းမသိ။ သေချာနားမလည်။ ပြီးတော့သူကိုယ် တိုင်လည်းတော်တော်သဘောမတွေ့။ ဘာပဲဖြစ်ဖြစ် သူကိုးကွယ်ဆည်းကပ်ခဲ့သည့် တစ်ချိန်လုံး အမှားအယွင်းနဲပါးခဲ့သည် ဆိုရမည်သာ။

ဘိုးတော် ကြပ်ထိပ်ပြောင်ကား အင်မတန်မှ စေ့စပ်သေချာ၍ အမြော်အမြင်ရှိသူတည်း။ သူညွှန်ပြသည့်အတိုင်း လိုက်နာခဲ့၍ ယခု သူတစ် ခါမှ မကြားဖူး၊ နားလဲ မလည်၊ မလေးရှားက၀န်ကြီး နာဂျစ်လားဟု မေးယူရသည့် နာဂစ် ဆိုသည့် ဘေးကြီးတစ်ခုမှ လွတ်ခဲ့လေပြီ။ ခံရ မည့်သူများကား ခံပေတော့။ သူ့လောက်မှ ဘုန်းကံမရှိပဲကိုး။ သူ့လို ဘိုးတော် အမှန်အကန်တွေကို မကိုးကွယ်ကြတာကိုး။ တလောတုန်းက ထိုင်းဝန်ကြီးချုပ် ကြပ်ပြေးက သူ့နန်းတော်အလည်လာတော့ ဘုရားခန်း ဘယ်နားမှာ မေ့နေ၍ သူ့ ကိုယ်ရံတော်အား မေးရသေးသည်။ တရားထိုင်နည်းလေးတွေ ထိုင်းကြီးက သိချင်သည်ဆို၍လည်း သူပြလိုက်ရသေးသည်။ ဓါတ်ပုံလည်း အမှတ်တရ ရိုက်ခဲ့ကြသေးသည်။ မဆိုးလှ။ ထိုင်းကောင်ပြန်သွားတော့ သူ့သတင်းကား ချက်ချင်းမွှေးပျံ့ သွားသည်။ အဲဒီထိုင်းကောင်ရှေ့ တစ်ရက်ခန့် ညစာမစားပဲ နေခဲ့တာ ကာမိသည်ဟု ဆိုရမည်။

ယခုရက်ပိုင်းတော့ ရွှေစိတ်တော်ကား အင်မတန်ညှိုးနွမ်းနေချေသည်။ ဘိုးတော်ကြပ်ထိပ်ပြောင် ပြောထားသည်များကလဲ မှန်လှ၏။ တောင်အရပ်ကား မိမိနှင့်မသင့်၊ မိမိအတွက် ဓါတ်နံအင်မတန်ယုတ်ညံ့သည်ဆို၏။ ရေနှင့်မတည့်ဆိုလား။ သူ့ပညာပိုင်းဆိုင်ရာ စကားများ အား မိမိလဲ သေချာတော့ နားမလည်။ မှန်နိုင်ပါသည်။ မိမိဇာတိ ကျောက်ဆည်မှာတုန်းက ပင်လယ်ဆိုတာ ဂျိုနဲ့လား မေးရမည့်အရာ။ ရေကြောက်၏။ ယခုထီးနန်း စိုးစံရမှသာ ချောင်းသာတို့ ငွေဆောင်တို့မှာ မိမိကြိုက်သည့်အချိန် ရေကစားထွက်တော် မူနိုင်သည် မဟုတ် လား။ ဘိုးတော်ပြောသလိုဆို မိမိမှာ အင်မတန်မှ အန္တရာယ်ရှိနိုင်သည်။ တစ်ဘက်ကလည်း နောင်တော် Hu Jintao ။ မသွားလျှင် လက်ငင်းအကျိုးပေးကား မလှဖြစ်ဖို့ များ၏။ ပင်လယ်မှာ ဟိုကောင်အမေလိကန်တို့ ရောက်နေသည်ဆိုပါလား။ အရေးထဲမှာ ဘန်ကီမွန်း ကလဲ ဖုန်းတဂွမ်ဂွမ်ဆက်သည်ဆို၏။ မိမိရန်ကုန်ရှိတုန်းက အရင် နိုင်ငံခြားရေးဝန်ကြီးဝင်းအောင် အင်္ဂလိပ်စာသွားသွားသင်သည့် လှည်း တန်းဈေးနားကဆရာဆီမှာ မသင်မိခဲ့သည်ကို နောင်တရချင်သလိုလို။ နို့မို့ရင် ဟိုကောင် ဥာဏ်ဝင်းထက်တော့ အပြတ်သာမည်။ ဘန်ကီ မွန်းကိုလဲ ဖုန်းထဲကနေ ဘွတ်ဘဲ့ ဒွတ်ဒဲ့ သာသာလေး လုပ်နိုင်မည်။ မိဘုရားကြီးကြိုင်သေဘီကတော့ ဒီလိုနေရာမျိုးသုံးမရ၊ နိုင်ငံခြားကို တစ်ခါခေါ်သွားမိသည်။ “ Kyaing Kyaing is my name ” လုပ်နေလို့ မနဲ ဆွဲထားရ၏။

ဆိုးဝါးလွန်းသည့် အချက်ကား အပြင်မီဒီယာက ပြောတာတွေ။ မှန်နေတော့လဲ မိမိမှာဖုံးရဖာရလွန်းသည့်အတွက် ဖာသယ်ကြီးကိုဖြစ်လို့။ ရုရှား လွှတ်ထားသည့် ကောင်လေးအချို့ကလဲ တစ်နေ့ထက်တစ်နေ့ ပိုပိုသုံးစားမရတော့။ အေးရာအေးကြောင်း နေသူကနေကြ၏။ ထား တော့။ သူတို့ကား မိမိဘာမှ မပြောလိုပြီ။ မိမိမျက်နှာ ကြည့်ပြီး.. ကြိုးစားအာချောင်နေကြသည့် ကောင်တွေကလဲ လွဲပဲလွဲနိုင်လွန်းသည်။ မိမိပိုင် ကြေးမုံတို့၊ မြန်မာ့အလင်းတို့ကနေ ကူးရေးနေတာလွဲ၊ ကိုယ်ပိုင်အကြံလေးများလဲ မထုတ်တတ်ကြ။ ရဲဘော်တို့ အသင့် .. လို့ပြော ရင် “ yahoo လား၊ Gtalk လား၊ ” လို့ပြန်မေးမဲ့ အကောင်တွေချည်း။ သူတို့စိတ်မထင် “မကျေနပ်ရင် Gtalk မှာ add လိုက်လေ၊ ငါ့မေးလ် က xxxx..။” ဟု လုပ်တတ်၏။ ဒါကြောင့်လဲ မိမိမှာအိုကြီးအိုမနဲ့ဒီနေရာက မစွန့်ခွါနိုင်သေး။ ငယ်တုန်းကလိုမသန်တော့။ ဥာဏ်နီဥာဏ်နက်ကလဲ ကုန်လုပြီ။ မျက်နှာနာစရာလေးတွေ လိုက်လိုက်ထောက်ရင်း၊ မိမိဟ၀ှာကိုပါ လာလာထောက်သည့် ထိုင်းတို့၊ စင်္ကာပူတို့၊ မလေးရှားတို့ကလဲ တမှောင့်။ ခုတော့မဖြစ်တော့။ ဘိုးတော် ဘယ်လောက်တားတား၊ လက်ငင်းက မသွား မဖြစ်တော့။

ကြိုင်သေဘီကတော့ တခါတလေ ဒါမျိုး အားကိုးရသည်။ ဘာလဲဆိုတော့ သူကဗြိတိန်မှလာသော စတော်ဘယ်ရီယိုနှင့် ပြင်သစ်ပေါင်မုန့် တို့တို့ပြီးစားရလျှင် အင်မတန်သဘောခွေ့၏၊ ကြာအင်းဆိပ်ကြီးမှာတုန်းက တော်တော်ငတ်ခဲ့တာကိုး။ ဟိုမှာက တပ်ရင်းဂိတ်ကြီးက ထွက် တာနဲ့ ရှေ့တန်းဆိုတော့ ရန်ကုန်က ကွန်ဗွိုင်နဲ့ပို့တဲ့ ပဲရည်ကြည်လေးပဲလွေးရ၏။ ခုအမြင့်စံဘ၀မှာတော့ ပဲဆိုလျှင် ဆိတ်အော်သံလားဟု ပြန်မေးတတ်လေပြီ။ သူ့အကြိုက် စတော်ဘယ်ရီယိုနှင့် ပြင်သစ်ပေါင်မုန် တို့တို့ပြီးစား။ ပြီးလျှင်တရေးတမောအိပ်ခါ၊ တသီတတန်းကြီး မက်တတ်သော သူ့အိပ်မက်များကို အတိတ်ကောက်ရင် မှန်သည်ကများ၏။ အခုလို အရေးကြီးသည့်အချိန်၊ တိုင်းရေးပြည်ရာ၊ စားပွဲအရေး ကုလားထိုင်အရာများတွင် မိကြိုင်သေဘီကိုပဲ သေချာပြန်မေးရမည်။ ပြည်ပအားကိုး စတော်ဘယ်ရီသူခိုး၊ (မှား .. ပြန်ဘီ) ဗြိတိန်စ တော်ဘယ်ရီယို အိပ်မက်လေးကို မိမိသေသေချာချာ အတိတ်နိမိတ်ကောက်ယူ ဆုံးဖြတ်တော်မူမှ နောင်ရေး စိတ်အေးရတော့မည်ဖြစ်၏။

(၂)

အတွေးများကိုရပ်ပစ်ပြီး၊ ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြည့်ရှုပါသည်။ သူများတွေပြောနေသလိုလဲ မဆိုးပါဘူး။ ဒီသစ်ပင်ကြီးတွေ လဲတာများ တစ်ချက်ခုတ်နှစ်ချက်ပြတ် လမ်းလဲချဲ့လို့ရတယ်။ နောက်တစ်ခုက ၀ါယာလက်က တပ်ကိုခွဲစိတ်ဖြတ်တောက်ခိုင်းလိုက်၊ ပြီးရင် ခွဲသားတွေကို ဝေပေးလိုက်၊ တပ်ရင်းထင်းစာတောင်ရသေး။ ငါမြင်ရသလောက် လေဘေးဒုက္ခသည်တွေ အားလုံးအဆင်ပြေသားပဲ။ မယုံရင် ရော့ .. အင့် .. ဒီမှာ ဖတ် ..

(၃)

အပြန်ခရီးကား သူအင်မတန် ပင်ပန်းလှ၏။ တစ်ခုတော်သေးသည်က ရန်ကုန်ကသူ့ကောင်တွေ အလိုက်သိလွန်းလှသည်ပင်။ တပည့်ကြီး တွေ တော်ချက်က လက်ကုန်ပဲဟု ဆိုရမလောက်။ ရောက်ရာအရပ်မှာ အဆင်မပြေမှုဆိုတာ သိပ်မတွေ့ခဲ့ရ။ ရဟတ်ယာဉ်ပေါ်မှ ကြည့်မိ သလောက် မြင်သမျှ အားလုံးဝါ၀ါတွေ။ သူအတိတ်နိမိတ်ကောက်လိုက်သေးသည်။ ရွှေဝါရောင်နိမိတ်ပေပဲ မဟုတ်လား။ ယခင်စိမ်းစိုနေ သော ဧရာဝတီတစ်ခွင်သည် ယခုလို ၀ါဝါကြီးသန်းနေသောအခါ၊ ရွှေဝါရောင်နမိတ်လို့ မကောက်ရင် ဘယ်ဟာကိုများ ကောက်ရပါ့။ ထား ချေတော့။ ဤကိစ္စကိုပြန်မှ ဘိုးတော်လျှောက်တင်ပြီး၊ လမ်းညွှန်ချက်တောင်းခံရမည်။ သူဟောခဲ့သည့်ဒီခရီးလမ်းအတွက် သူကိုယ်တိုင် ပေးသည့် ယတျာကို ရွှေနန်းတော်ကြီးတွင် မိဘုရားကြီးကား မုချ လိုက်နာဆောင်ရွက်မည်ပင်။ သူသာပဲဘယ်လို လုပ်ရမည်သိသည်ကိုး။ တွေးရင်းပင် သတိရလာ၏။ မိမိ..ဒီခရီးမသွားမဖြစ် မသွားခင်က မိဘုရားကြီးက ရွှေစိတ်တော် အေးအေးသာထားပြီးသွားဖို့မှာလိုက်၏။ သူစိတ်တော့ ချပါသည်။ တစ်သက်လုံး ပေါင်းသင်းလာခဲ့တဲ့ တပ်ရင်းကံစမ်းမဲလေး မဟုတ်လား။ တွင်းသစ် တူးရတာထက်စာရင် တွင်း ဟောင်းက သူ့အတွက်အဆင်သင့်ဟု လက်ခံယုံကြည်လာခဲ့သည်လေ။ “ တွင်းဟောင်းရေကြည် အေးမြသည်”.. တဲ့။

သူကံကောင်းလွန်းလို့သာပေါ့။ ဘာပဲပြောပြော နေပြည်တော်သို့ရောက်တော့မည်။ ရှေ့မှာ သာဝတ္ထိကားလမ်းခွဲ၊ ကျော်ရင် အေလာ (ခေါ်) နေပြည်တော်လေဆိပ်။ သူ စိတ်တွေ ငြိမ်သက်အေးဆေးသွားတော့သည်။

(၄)

ရွှေနန်းတော်ကြီးကား အေးစိမ့်လှပေသည်။ မနာလိုသူတွေ ပြောပြောနေသလို ကြပ်ပြေးကား ပူလောင်ခြောက်သွေ့လှသည် ဆိုသည့်စ ကားကို သူတစ်ချက်တွေးမိရင်း ပြက်ရယ်ပြုမိသေး၏။ မအေးခံနိုင်လား။ လောကဓါတ်ပညာကို သူတစ်ခါတလေ အံ့သြဘနန်းဖြစ်မိသည်။ အအေးပုံးသေတ္တာများကို မိမိနန်းတော်အတွင်း ချိတ်ဆွဲထားလိုက်သည်မှာ ရွာအိမ်က စာကလေးအိမ်နဲ့ မခြား။ အကောင်းဆုံးရိုးမကျွန်း သားဖြင့် ပြုလုပ်ထားသော မဟော်ဂနီရောင် ပြောင်လက်နေသည့် ရွှေအနားကွပ် သလွန်တော်ပေါ် ရွှေဖင်ချထိုင်လိုက်တော့ မိဘုရားကြီး က စင်္ကာပူကျွန်းက တကူးတကမှာထားသည့် သောက်ရေတော်အေးအေးတစ်ခွက်ကို ဆက်၏။ သူတစ်ချက်မျှမော့ကြည့်လိုက်ရာ မိဘုရားကြီး၏ မျက်နှာတော်မှာ တစ်ခုခုကို ဝေခွဲမရဟန်ပေါ်နေသည်။ မိဘုရားကြီးအား ကြည့်နေရင်း သောက်တော်ရေ တကျိုက်မျှငုံလိုက်ပြီး မိမိ သိလိုလှသည့် စတော်ဘယ်ရီအိပ်မက် အကြောင်းကို မဆိုင်းမတွပင်မေးတော်မူတော့၏။

“ ကဲ .. လျှောက်စမ်းပါဦး မယ်ကြိုင်..၊ မနေ့ကအိပ်မက် ဘယ်နှယ့်ရှိပါလိမ့်၊ မောင်ဘုရား ကြားလိုလှပြီကွယ်။ ..”

မယ်ကြိုင်မှာလဲ မည်သည့်အချိန်ကတည်းက လျှောက်လိုလှသည်မသိ။ ချက်ချင်းပင်..

“ မှန်ပါ။ ကျွန်တော်မျိုးမ အိပ်မက်ကား ထူးဆန်းပါသည်။ Star Movie ချယ်နယ်ကလာသည့် ဓါတ်ရှင်ကား ကြည့်ရသည့်နှယ်၊ ရှေးခေတ်ကို ပြန်ရောက်သွားပါသည်။ သည်တစ်ကြိမ်မက်သည့်အိပ်မက်ကို ကျွန်တော်မျိုးမလဲ အတိတ်မကောက်တတ်ပါ ထီးဘုရား..။ (နန်းတော်ထဲ ဒီလိုပဲ ပြောကြ၏။ မယုံ ကြပ်ပြေးမှာ သွားကြည့်) ..”

“ ကွယ် .. လျှောက်မှာသာလျှောက်စမ်း၊ ငါကိုယ်တော်ကြားလိုလှပြီကွယ့် .. ”

“ မှန်ပါ။ ကျွန်တော်မျိုးမမက်သည်မှာ၊ သီပေါဘုရင် နှင့်စုဘုရားလတ်တို့ဖြစ်ပါသည် .. ”

“ အို .. ထူးပါပေ့၊ ဒါဟာနိမိတ်ကောင်းပါပဲ ..ဆက်လျှောက်ပါ မယ်ကြိုင် .. ”

“ မှန်ပါ။ ကျွန်တော်မျိုးမ အတိအကျမှတ်မိတဲ့ အကြောင်းက သီပေါမင်းတို့ မောင်နှံဟာ၊ အင်္ဂလိပ်လူမျိုးတို့ခေါ်ဆောင်သွားတဲ့ မီးသင်္ဘော ပေါ်ရောက်နေပါပြီ။ ဒီအရှေ့ကအကြောင်းတွေတော့ မမှတ်မိပါဘူး။ သူတို့ သင်္ဘောပေါ်မှာ ထိုင်နေတုန်း သီပေါမင်းကြီးက ဘေးနားက သူ့မိဘုရားကို တိုးတိုးလေး ကပ်ပြီးပြောပါတယ် ဘုရား .. ”

ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမျက်နှာကား ၀င်းလက်သွား၏။

“ ဟေ .. ဟုတ်လား..၊ ငါဖတ်ဖူးသလောက်၊ သူ သူ့မိဘုရားကို အဲဒီတုန်းက ဘာမှ တိုးတိုးလေး မမိန့်ပါဘူးကွယ် ..၊ ဧကန္တ သီပေါကိုယ် တော်တပိုတပါးသွားချင်လို့နဲ့ တူတယ် ဟုတ်စ .. ”

ဗြိတိသျှစတော်ဘယ်ရီ အိပ်မက်ပိုင်ရှင်ကား ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတိတ်နမိတ် ကောက်ယူ တော်မူနိုင်ရန် ၀မ်းသာအားရ မဆိုင်းမတွပင် ဤသို့လျှောက်တင်လိုက်၏။

“ မဟုတ်ရပါဘုရား၊ သီပေါမင်းတိုးတိုးလေးမိန့်တာကို ကျွန်တော်မျိုးမ နားနဲ့ဆတ်ဆတ်ကြားလိုက်ရပါတယ်။ မင်းဟိုဘက်နဲနဲရွှေ့စမ်း…၊ ငါ ပြုတ်ကျတော့မယ် ရေထဲကို … တဲ့ .. ဘုရား .. ”

ဤတွင် ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမျက်နှာကား ရှုံ့မဲ့သွားချေတော့သတည်း။



ကိုလျှာရှည်ထံမှ ကူးယူဖော်ပြမိပါတယ်.. အားလုံးလွယ်လွယ် ကူကူနဲ့ ကြည့်ရှုနိုင်အောင် ရည်ရွယ်ပါတယ်..
ဤစာလေးကို တစ်ဆင့်ဖြန့် ဖြူးပေးသော ငြိမ်းကို လဲ ကျေးဇူး အထူးတင်ရှိပါတယ်..

http://www.koshershay.blogspot.com/ သူရဲ့ ဘလောက်လိပ်စာပါ တစ်ကယ်လို့ လွယ်ကူတယ်ထင်၇င် သွားရောက် လည်ပတ်ကြပါအုန်းခင်ဗျာ..

လေးစားစွာဖြင့်
အလင်းရောင်

No comments: